Thursday, October 18, 2012

သမီးလေးရဲ့ မျက်ရည်....


ကျွန်မဟာ လွန်ခဲ့တဲ့ ၇ နှစ် ဘွဲ့ ရပြီး ကတည်းက အလုပ်စလုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန် ကတည်းက ကိုယ်တိုင် ပိုက်ဆံရှာပြီး သုံးခဲ့တာ အခုထိပါပဲ။ အခု အိမ်ထောင်ပြုပြီးတဲ့နောက်ပိုင်းမှာလဲ အလုပ်ဆက်လုပ်နေတော့ ယောက်ျားကို ခြေရာတိုင်းတာ မရှိပေမဲ့ ကိုယ့်ဘာသာကိုယ် ပိုက်ဆံရှာသုံးရတဲ့ ဘ၀နဲ့ နေသားကျနေခဲ့တာ ကြာပါပြီ။ ကျွန်မ ကိုယ်ဝန်ရှိလာတော့လဲ အလုပ်ကို လုပ်မြဲအတိုင်းဆက်လုပ်ပြီး ကလေးမွေးဖွားခါနီးမှသာ အလုပ်ကနေ ခွင့် ၃လ ယူပြီး မြန်မာပြည်ကို ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအချိန် အထိ ကျွန်မ အပြင်အလုပ် မလုပ်ဘဲ အိမ်မှာ ကလေးထိန်း အိမ်မှုကိစ္စလုပ်တဲ့ အိမ်ရှင်မ လုပ်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ အဲ့ဒီနောက် သမီးလေးနဲ့  ကလေးထိန်းကို ခေါ်ပြီး ကျွန်မ အလုပ်ရှိတဲ့ စလုံးကို ပြန်လာခဲ့ပါတယ်။ နောက်တော့ အလုပ် စဆင်းတယ်။ ဘာအခက်အခဲမှ မရှိခဲ့ပါဘူး။ သမီးလေးက ကံကောင်းခြင်းတွေကို ယူဆောင်လာတဲ့ ကလေးလေးပါပဲ။
သမီးလေး ၂လ သမီးလောက်မှာ့  အလုပ် ပြန်လုပ်တဲ့အခါ ဘာမှ အခက်အခဲ မရှိဘဲ လုပ်နိုင်ခဲ့ပါတယ်။ တနေ့ တနေ့ အလုပ်သွားပြန်လာ ထမင်းဟင်းချက် ကလေးထိန်း ဒီလိုနဲ့ ပဲ အချိန်တွေက ကုန်လွန်လာပြီး သမီးလေး အသက် ၆လ ကျော်တဲ့အခါမှာ ကျွန်မမှာ နောက်ထပ် ကိုယ်ဝန်ရှိ လာခဲ့ပါတယ်။ ကျွန်မ အမျိုးသားက နောက်ကလေး တစ်ယောက်မွေးပြီးရင်တော့ အလုပ်မလုပ်ဘဲ အိမ်ရှင်မ ရာထူးနဲ့ အိမ်မှာပဲ  ကလေးတွေနဲ့ အတူတူနေပါလို့ ပြောလာခဲ့တယ်။ ကျွန် အဲ့ဒီအချိန်က ဘာမှ သေချာ မစဉ်းစားဘဲ လွယ်လွယ်ပဲ လုပ်မယ်လို့ ဖြေခဲ့မိတယ်။ တကယ်တမ်း အသေအချာ ဆုံးဖြတ်ရမဲ့ အချိန်ထိ ကို ကျွန်မ စိတ်ထဲ တွေဝေနေခဲ့ပါတယ်။ အမြဲတမ်း ကိုယ်တိုင် ပိုက်ဆံရှာပြီး နေလာခဲ့တဲ့ လူတစ်ယောက် အဖို့ ကတော့ အိမ်မှာပဲ နေပြီး အိမ်မှုကိစ္စ လုပ်ဖို့ ဟာက တကယ့်ကို စွန့် စားခန်း တရပ်ကို ဖြစ်လာခဲ့ပါတယ်။
ဒီလိုနဲ့ သမီးလေးက တဖြည်းဖြည်းနဲ့ ကြီးလာပြီးတော့ အသက် ၉ လ ကျော်လာ တဲ့ တစ်ရက်မှာ ကျွန်မ အလုပ်သွားဖို့ ပြင်ဆင်ရင်း သမီးလေးက နိုးလာခဲ့တယ်။ အရင်ကလဲ ဒီလိုပဲ နိုးလာတဲ့ အခါမျိုးတွေ ရှိတတ် ပါတယ်။ အဲ့ဒီတော့ ကျွန်မက ခါတိုင်းလိုပဲ သမီးလေးကို နုတ်ဆက်အနမ်းလေးပေးပြီး ကလေးထိန်း လက်ထဲ သမီးလေးကို ထည့်ပေးမလို့ လုပ်တဲ့အခါ သမီးလေးက ကျွန်မကိုပဲ အတင်း တွယ်ဖက်ထားခဲ့တယ်။ ရုံးနောက်ကျမှာ စိုးလို့ သမီးရယ် မေမေရုံးနောက်ကျမယ် နေခဲ့တော့နော်ဆိုပြီး ကလေးထိန်း လက်ထဲကို ထည့်လိုက်တဲ့အချိန်မှာ သမီးက စပြီး ငိုပါတော့တယ်။ အဲ့ဒီနေ့ က ပထမဆုံး အကြိမ် ကျွန်မ အလုပ်သွားခါနီး သမီးလေး ငိုခဲ့တာပါ။ ရုံးသွားတဲ့ လမ်းမှာ တစ်လမ်းလုံး သမီးအကြောင်းပဲ စဉ်းစားနေခဲ့ပြီး အလုပ်ကိုတောင် စိတ်မ၀င်စားနိုင်တော့ပါဘူး။ သမီးလေ စိတ်ထဲ နာကျင်သွားလေမလား ဆက်များငိုနေအုံးမလား စတဲ့အတွေးတွေ တန်းစီ စဉ်းစားပြီး သေချာကို စဉ်းစားခန်းဖွင့်ပြီး အဲ့ဒီနေ့ မှာပဲ ကျွန်မဟာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချနိုင်ခဲ့တာကတော့ ဒုတိယ ကလေးမွေးပြီးတဲ့ အချိန်မှာ ကျွန်မဟာ အိမ်ရှင်မ ဆိုတဲ့ ရာထူးကို ကျေကျေနပ်နပ်ကြီး ယူတော့မယ် ဆိုတာပါပဲ။ အမျိုးသမီးများရဲ့ မျက်ရည်က လက်နက် တစ်ခုလို့ လူအများက ပြောကြပါတယ်။ တကယ်ပဲ သမီးလေးရဲ့ မျက်ရည်(လက်နက်)ဟာ ကျွန်မ နှလုံးသား ဗဟိုချက် ကို တိုက်ရိုက် ထိမှန်ခဲ့တာပါပဲ။

Friday, September 21, 2012

ဒီဘလော့လေး ဖြစ်တည်လာပုံ....

      သမီးလေး မမွေးခင်က စိတ်ကူးကတော့ သမီးလေး ကြီးလာရင် အမေက သူ့ ကို ဘယ်လိုဂရုစိုက်တယ် ဘယ်လိုချစ်ခဲ့တယ် ဆိုတဲ့ သမီးလေးနဲ့ ပတ်သတ်တဲ့ အမှတ်တရလေးတွေကို သမီးလေး ကို မြင်စေလို့ ပါ။ အခု စိတ်ကူးကတော့ ပုံမှန် ဖေ့ဘွတ်ပဲ သုံးဖြစ်ပြီး ကိုယ်တင်ချင်ရာတွေ လျှောက်တင်တော့ သူများတွေ မျက်စိ နောက်မှာ စိုးလို့ ကိုယ့်ဘာသာကိုယ် ဘလော့လေး တစ်ခု တည်ဆောက်ပြီး ရေးချင်တာလေးတွေကို ရေး၊ ချက်စားဖြစ်တဲ့ အစားအစာ ဓာတ်ပုံလေးတွေကို တင်ပြီး ဒိုင်ယာရီလေး တစ်ခုလို ရေးရအောင် ဒီဘလော့လေးကို စတည်ပြုလုပ်ခဲ့တာပါ။
       ဘလော့တစ်ခု လုပ်မယ်လို့ စဉ်းစားနေခဲ့တာ အချိန် အတော့ကို ကြာခဲ့ပါပြီ။ သမီးလေး မရှိခင်ကတည်းက အတွေးကို အခု သမီးလေး ၈လကျော်မှပဲ အကောင်အထည်ဖော်ဖြစ်ခဲ့တာပါ။ စာအရေး အသား သိပ်မရေးတတ်တော့ သည်းခံပြီး ဖတ်ပေးကြပါနော်။